International News

အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တားဆီးထိန်းချုပ်‌ရန် အသွားအလာ ကန့်သတ်တားမြစ်မှုအား အဆင့်အလိုက် ဖြေလျော့ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအား တားဆီးထိန်းချုပ်‌ရန်အတွက် နိုင်ငံတစ်ဝန်းလုံးတွင် အသွားအလာ ကန့်သတ်တားမြစ်ခြင်းကို မတ်လ ၂၅ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ၌ ပြည်နယ်/ ပြည်ထောင်စုနယ်မြေအစိုးရ အဖွဲ့များသို့ ဗိုင်းရပ်စ်တားဆီးထိန်းချုပ်‌ရေး လုပ်ပိုင်ခွင့်ပိုမိုအပ်နှင်းမှုနှင့်အတူ စီးပွားရေးဆိုင်ရာ လုပ်ဆောင်မှုများ အတွက် ဖြေလျော့မှုများပြုလုပ်လျက် Lockdown 4.0 အဖြစ် သတ်မှတ်ထား သည့်ကာလမှာ မေလ ၃၁ ရက်နေ့၌ ပြည့်မြောက်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ဇွန်လ ၁ ရက်နေ့မှစတင်၍ လုပ်ငန်းကဏ္ဍအသီးသီး၏ လုပ်ဆောင်မှုများ အား အဆင့်အလိုက် ခွင့်ပြုပေးမည့်အစီအစဉ်များနှင့်ပတ်သက်၍ COVID-19 ဗိုင်းရပ်စ်တားဆီးတိုက်ဖျက်ရေး လမ်း ညွှန်ချက်အသစ်များကို အိန္ဒိယအစိုးရက ၃၀.၅.၂၀၂၀ နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုပါအမိန့်ထုတ်ပြန်ချက်အရ COVID-19 ဗိုင်းရပ်စ် ကူးစက်မှုမြင့်မားခြင်း ကြောင့် အထူးကန့်သတ် တားမြစ်ထားခြင်းခံရသည့် Containment Zones နယ်မြေများတွင် အရေးကြီးသည့်ကိစ္စ ရပ်များမှအပ ဆက်သွယ်သွားလာမှုများကို ဆက်လက်၍ တင်းကြပ်စွာထားရှိဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၎င်းဇုန် နယ်မြေများ၏ ပြင်ပတွင် နိုင်ငံတစ်ဝန်းလုံး၌ အသွားအလာကန့်သတ်ထားရှိမှုကို အောက်ဖော်ပြပါအတိုင်း အဆင့် ၃ ဆင့်ဖြင့် ဖြေလျော့ပေးမည်ဖြစ်ကြောင်း၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းနယ်ပယ်အသီးသီး၌ ဆောင်ရွက်မှုများနှင့်ပတ် သက်၍ စံလုပ်ထုံးလုပ်နည်းများကို အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ပြဌာန်းမည်ဖြစ်ကြောင်း၊ အရေးကြီး သည့်ကိစ္စရပ်များမှအပ ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ပြင်ပသွားလာမှုအားတားမြစ် သည့် ညမထွက်ရအမိန့်ကို နိုင်ငံတစ်ဝန်းလုံး၌ ထုတ်ပြန်ထားမည်ဖြစ်ကြောင်း သိရှိရပါသည်။

(က)    အဆင့်-၁။      ၈.၆.၂၀၂၀ နေ့မှစတင်၍ ဘာသာရေးဆိုင်ရာနေရာများ၊ အများပြည်သူဝတ်ပြုဆုတောင်း သည့်နေရာများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်နှင့် တည်ခင်းဧည့်ခံရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဈေးဝယ်စင်တာ များ၌ ကျန်းမာရေးဌာန၏ COVID-19 ဗိုင်းရပ်စ် ကူးစက်မှုတားဆီးကာကွယ်ရေး စံသတ်မှတ်ချက်များနှင့်အညီ ဖွင့် လှစ်ဆောင်ရွက်ခွင့်ပြုခြင်း၊

(ခ)     အဆင့်-၂။      ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အာဏာပိုင်အဖွဲ့အစည်းများ၊ ကျောင်းသားမိဘများနှင့် အခြားသက်ဆိုင်သူများ တွေ့ဆုံညှိနှိုင်းလျက် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း စာသင်ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များနှင့် လေ့ကျင့်သင်ကြားရေးဌာန များအား ကျန်းမာရေးဌာန၏ COVID-19 ဗိုင်းရပ်စ်ကူးစက်မှု တားဆီးကာကွယ်ရေး စံသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ခြင်း၊

(ဂ)  အဆင့်-၃။      အခြေအနေအရပ်ရပ်အား လေ့လာသုံးသပ်၍ အောက်ပါလုပ်ငန်းများအား ပြန်လည် စတင်နိုင်မည့်နေ့ရက်ကို သတ်မှတ်ခြင်း-

(၁) ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပျံသန်းမှုများမှအပ ကျန်ရှိသည့် နိုင်ငံတကာခရီးသည်တင် လေ ကြောင်းပို့ဆောင်ရေး လုပ်ငန်း၊

(၂)    မြို့ကြီးများရှိ Metro Rail ရထားပြေးဆွဲမှုလုပ်ငန်း၊

(၃) ရုပ်ရှင်ရုံများ၊ အားကစားရုံများ၊ ရေကူးကန်များ၊ အပန်းဖြေဥယျာဉ်များ၊ ကဇာတ်ရုံများ၊ ဘားဆိုင်များ၊ စုဝေး ခန်းမများနှင့် အလားတူနေရာများ

(၄) လူမှုရေး၊ နိုင်ငံရေး၊ အားကစား၊ ဖျော်ဖြေရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ စုဝေးပွဲများနှင့် အလားတူ လူအများစုရုံး ပါဝင်မည့် အခမ်းအနားများ။

အများပြည်သူနှင့် သက်ဆိုင်သောနေရာများ၌ လုပ်ငန်းများအား သွားလာဆောင်ရွက်ရာတွင် အောက်ပါ စည်းကမ်း ချက်များကိုလည်း လိုက် နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ၌ ဖော်ပြပါရှိပါသည်-

(က)    မျက်နှာဖုံး နှာခေါင်းစည်းအား မဖြစ်မနေတပ်ဆင်ခြင်း၊

(ခ)    လူတစ်ဦးနှင့်တစ်ဦး ၆ ပေအကွာဖြင့် သွားလာနေထိုင်ခြင်း၊ ဈေးဆိုင်ခန်းများအတွင်း၌ တစ်ကြိမ်လျှင် ဈေးဝယ်သူ ၅ ဦးအထိသာ လက်ခံဝင်ရောက်ခွင့်ပြုခြင်း၊

(ဂ)     လူအများစုဝေးမှုနှင့်ပတ်သက်၍ လက်ထပ်မင်္ဂလာပွဲ၌ လူ ၅၀ ဦးနှင့် နာရေးကိစ္စတွင် လူ ၂၀ ဦး ထက်မပိုစေ ပဲ ဆောင်ရွက်ခြင်း၊

(ဃ)  အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် တံတွေးထွေးခြင်းအား တားမြစ်လျက် သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်းက ဒဏ်တပ်အပြစ်ပေးခြင်း၊

(င)     အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများ၌ အရက်၊ ကွမ်း၊ ဆေးရွက်ကြီး စသည်တို့အား စားသုံးမှုမပြုရန် တားမြစ်ခြင်း၊

(စ)    လုပ်ငန်းခွင်နေရာများ၌ ကျန်းမာရေးဌာန၏ စံသတ်မှတ်လုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်ခြင်း၊

(ဆ) ရုံးများ၊ လုပ်ငန်းခွင်နေရာများ၊ ဈေးဆိုင်များနှင့် စီးပွားရေးဆိုင်ရာ လုပ်ကိုင်သည့်နေရာများတွင် လုပ်ငန်း ဆောင်ရွက်မည့် အချိန်ဇယား၊ အလုပ်ချိန်သတ်မှတ်ချက် စသည်တို့ကို ရေးဆွဲလုပ်ဆောင်ခြင်း၊

(ဇ)  လုပ်ငန်းခွင် အဝင်အထွက်နေရာများ၌ အလုပ်လုပ်ကိုင်သူများအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးလျက် ၎င်းတို့၏ တစ်ကိုယ်ရည် ကျန်းမာသန့်ရှင်းရေးအတွက် ရေနှင့်လက်ဆေးဆပ်ပြာ၊ သန့်စင်ဆေးရည် စသည်တို့ကို ထားရှိဆောင်ရွက်ခြင်း၊

(ဈ)     လုပ်ငန်းခွင်ရှိ ယျေဘုယျ ထိတွေ့ကိုင်တွယ်မှု များပြားသည့်နေရာများ၌ သန့်ရှင်းစင်ကြယ်စေရေး မကြာ ခဏဆောင်ရွက်ပေးခြင်း၊

(ည)    အလုပ်ခွင်အတွင်း လုံလောက်သည့် လူမှုအလှမ်းဝေး နေထိုင်မှုရှိစေရေး စီစဉ် ဆောင်ရွက်ခြင်း။

အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ထုတ်ပြန်ချက်အရ Containment Zones များ၏နယ်နိမိတ်အား ကျန်းမာ ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ခရိုင်အဆင့် အာဏာပိုင်အဖွဲ့အစည်းများက သတ်မှတ်မည်ဖြစ် ကြောင်း၊ ၎င်းဇုန်နယ်မြေများအား ၃၀.၆.၂၀၂၀ နေ့အထိ Lockdown ပြုလုပ်ထားရှိလျက် စားနပ်ရိက္ခာနှင့် ကျန်းမာ ရေးကဲ့သို့ အရေးကြီးကိစ္စရပ်များမှအပ လူအဝင်အထွက်မပြုရန် တင်းကြပ်စွာဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုအား ခြေရာခံစစ်ဆေးခြင်း၊ တစ်အိမ်တက်ဆင်း ကျန်းမာရေးလေ့လာစစ်ဆေးခြင်းတို့ကို လိုအပ် သကဲ့သို့ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဒေသန္တရအစိုးရများအနေဖြင့် Containment Zones များ၏ ပြင်ပတွင် ကြားခံဇုန်နယ်မြေ Buffer Zones များအား သတ်မှတ်ထားရှိနိုင်ကြောင်း၊ ထို့အပြင် သက်ဆိုင်ရာနယ်မြေဒေသ အလိုက် အခြေအနေပေါ်မူတည်၍ Containment Zones ပြင်ပနေရာများတွင်လည်း လိုအပ်သော ကန့်သတ်တား မြစ်မှုများကို ချမှတ်ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။

ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အစိုးရများအနေဖြင့် ၎င်းတို့၏ အုပ်ချုပ်မှုနယ်မြေအတွင်းနှင့် ပြည်နယ်များအကြား လူပုဂ္ဂိုလ်နှင့် ကုန်စည်ပို့ဆောင်သွားလာမှုများအား ကန့်သတ်တားမြစ်ခြင်းမပြုရန်နှင့် အကယ်၍ အများပြည်သူ ကျန်းမာရေးအကျိုးငှာ သွားလာမှုများအား ကန့်သတ်ရန်ရှိပါက ကြိုတင်သတင်းထုတ်ပြန်ရန် အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာနက ညွှန်ကြားထားပါသည်။ ထို့အပြင် အိမ်နီးချင်းနိုင်ငံများနှင့် ချုပ်ဆိုထားသည့် ကုန်သွယ်ရေးသဘော တူစာချုပ်များအရ ကုန်းလမ်းကြောင်းမှ နယ်စပ်ဖြတ်ကျော်၍ ကုန်စည်များသယ်ယူပို့ဆောင်ခြင်းအား တားမြစ်ခြင်း မပြုရန်ကိုလည်း ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အစိုးရများသို့ ညွှန်ကြားထားပါသည်။

နိုင်ငံတစ်ဝန်းလုံး၌ ခရီးသည်ရထားပို့ဆောင်မှုများ၊ အလုပ်သမားများအတွက် Shramik အထူးရထားများ၊ ပြည်တွင်း ခရီးသည်တင် လေကြောင်းပို့ဆောင်မှုများ၊ နိုင်ငံပြင်ပရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသားများနှင့် ပြည်ပသို့သွား ရောက်ရန် ရှိသူများအတွက် သယ်ယူပို့ဆောင်မှုများ၊ ပြည်တွင်း၌ ပိတ်မိနေသည့် နိုင်ငံခြားသားများအတွက် ပြန် လည်ခေါ်ယူ‌မှုခရီးစဉ်များနှင့် အိန္ဒိယနိုင်ငံသား သင်္ဘောသားများ၏ ဆိပ်ကမ်းအတက်အဆင်း ကိစ္စရပ်များအတွက် လုပ်ထုံးလုပ်နည်းများပြဌာန်း၍ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ဖော်ပြ ပါသည်။

နိုင်ငံတစ်ဝန်းလုံး၌ အသွားအလာကန့်သတ်တားမြစ်ထားမှုကို ဖြေလျော့ခဲ့သော်လည်း အသက် ၆၅ နှစ်အထက်ရှိ သည့် အိုမင်းမစွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၁၀ နှစ်အောက် ကလေးငယ်များအနေဖြင့် မလို အပ်ပဲ ပြင်သို့သွားလာခြင်းမှ ရှောင်ကြဉ်လျက် နေအိမ်အတွင်း၌သာ နေထိုင်ကြရန်၊ လူပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်သည့် ဘေးအန္တရာယ်ကို ကြိုတင်သတိပြု ကာကွယ်ရာတွင် အထောက်အကူပြုမည့် Aarogya Setu application အား မိမိတို့၏လက်ကိုင်ဖုန်းများ၌ ထည့်သွင်းအသုံးပြုကြရန် အိန္ဒိယအစိုးရက တိုက်တွန်းထားသကဲ့သို့ ယခုထုတ်ပြန်ခဲ့သည့် COVID-19 ဗိုင်းရပ်စ်တားဆီး တိုက်ဖျက်ရေး လမ်းညွှန်ချက်အသစ် များအား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါကလည်း တည်ဆဲဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း သတိပေးထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         New Guidelines to fight COVID-19 to be effective from 1st June 2020, Order No. 40-3/2020-DM-I (A) dated 30th May 2020 of Ministry of Home Affairs of India.

Category: International News